Saturday 18 September 2021

နေဖွယ်ကောင်းသောအရပ်

နေစရာကောင်းသောအရပ်သည် ဘယ်မှာရှိသလဲဆိုတာကို 
နှုတ်ကပတ်တော်အားဖြင့် ဆင်ခြင် လေ့လာသွားမှာ ဖြစ်ပါ
သည်။လူတော်တော်များများက အမေ့အိမ်သည် နေစရာ
 အကောင်းဆုံးဟု ယူဆကြပါသည်။ သို့သော် စားဝတ်နေ
ရေး ခက်ခဲကြသည့်အခါ အမေ့အိမ်ကို စွန့်ခွါပြီး တိုင်းတစ်ပါး
 မှာ အလုပ်သွားလုပ်ကြရကာ အခက်အခဲများစွာ ကြုံရပါ
သည်။ အဆင်ပြေသူရှိသလို မပြေသူလည်း ရှိကြပြီး တတိ
ယနိုင်ငံများမှာ သွားရောက်ခိုလှုံကြသူများစွာ ရှိပါသည်။ 

ဩစတြေးလျအကောင်းဆုံး၊ အင်္ဂလန်အကောင်းဆုံး၊ နော်ဝေအကောင်းဆုံး၊ အမေရိကန်ကသာ အကောင်းဆုံးဟု လောကမှာ နေစရာ ကောင်းသောနေရာကို လူတွေ ရွေးချယ်တတ်ကြပါသည်။ တကယ်တော့ ဒီလောကကြီးမှာ နေပျော်ဖွယ် ရာ ကောင်းသောနိုင်ငံ တစ်နိုင်ငံမှ မရှိပါ။

 
(ကမ္ဘာ ၆း၆-၈) တွင် ဖော်ပြထားသည်မှာ ကမ္ဘာမြေကြီးသည် ဘုရားသခင်ရှေ့တော်၌ မတရား သော အမှုများနှင့်ပြည့်နေသည့်အတွက် လူကိုဖန်ဆင်းသည်ကို ဘုရားသခင်နောင်တရသည်ဟု ကျမ်းစာက ပြောပါသည်။ ဒီကမ္ဘာမြေကြီးသည် ဘုရားသခင်အမြင်မှာ သောဒုံနှင့် ဂေါမောရမြို့ကဲ့သို့ ပျက်စီးနေသာ ကမ္ဘာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အတွက် နေစရာအကောင်းဆုံးက ဒီကမ္ဘာမှာ မရှိပါ
နေစရာအကောင်းဆုံးနေရာကို ကျမ်းစာထဲမှာကြည့်သောအခါ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၁၇) မှာ တွေ့ရပါသည်။ သခင်ယေရှုတွင် နောက်တော်လိုက်တပည့်တော်များစွာ ရှိပါသည်။ (၁ ကော ၁၅း၆) ထဲတွင် တပည့်တော် (၅၀၀) ကျော်မက ရှိသည်ဟု ဖော်ပြထားပါသည်။ ထိုအထဲတွင် ပိုနီးစပ်တာ (၇၀) ရှိပါသည်။ ပိုမို၍ နီးစပ်သော တပည့်တော် (၁၂) ယောက်ကို နာမည်နှင့်တကွ ယေရှု ခရစ်တော် ကိုယ်တိုင်ရွေးထားပါသည်။ ထိုတပည့်တော် (၁၂) ပါးထဲတွင်မှ ပိုပြီး နီးနီးကပ်ကပ်နေသော တပည့်တော်တွေက (မဿဲ ၁၇း၁) တွင် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ဖြစ်ကြောင်း တွေ့ရပါသည်။
 
တစ်နေ့မှာ သခင်ယေရှုက သူတို့သုံးယောက်ကို တောင်ပေါ်ခေါ်သွားပါသည်။ တောင်ပေါ် ဆိုသည်မှာ သာမန်နေရာတစ်ခုမဟုတ်ဘဲ မြင့်သောာအရပ်၊ သီးသန့်နေရာလေး ဖြစ်ပါသည်။ သွားလာရ ခက်ခဲပြီး ပင်လည်းပင်ပန်းသည်။ သို့သော် တောင်ပေါ်ရောက်သွားသည့်အခါ ထူးခြားသော လေအေး နှင့် ထူးခြားသော အရသာကို လူတိုင်း ခံစားရပါသည်။ ထိုနေရာကို တပည့်တော်သုံးပါး ခရစ်တော်ဘုရားနှင့်အတူ ခက်ခက်ခဲခဲ ရောက်သွားသောအခါ အံ့ဩဖွယ်ရာ တွေ့ရပါတော့သည်။ (မဿဲ ၁၇း၂) သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့်ပြည့်စုံသည်ဖြစ်၍ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက် အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။ 
 
ခရစ်တော်ဘုရား မျက်နှာထွန်းလင်းတောက်ပပြီး အရောင်ပြောင်းသွားသလို ခရစ်တော်အနားမှာ ပေါ်လာသောသူတွေ ရှိပါသည်။ (မဿဲ ၁၇း၃) မောရှေ နှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက်နေကြ၏။ မောရှေနှင့် ဧလိယကို ဘယ်သူမှ မမြင်ဖူးလိုက်ပါဘူး။
သို့သော် ခရစ်တော်နှင့်အမြဲ အနီးကပ်နေသည့် တပည့်တော် (၃) ဦးသည် ဓမ္မဟောင်းကာလတုန်းက ဘုရားသခင်ထူးထူးခြားခြား အံ့ဩဖွယ်အသုံးပြုခဲ့သည့် သူရဲကောင်းကြီးများ (The man of God) ဘုရားသခင်၏လူများကို တွေ့မြင်ခွင့်ရကြပါသည်။ မောရှေနှင့် ဧလိယသည် ခရစ်တော်ဘုရားနှင့် မိတ်သဟာယဖွဲ့စကားပြောနေသော ထူးခြားသော ရူပါရုံကို တပည့်တော်သုံးပါး တွေ့မြင်ကြရပါသည်။
 
 ထိုသို့တွေ့မြင်ရခြင်းသည် ခရစ်တော်ဘုရားနှင့်အတူနေ အတူသွားပြီး ရင်းနှီးကျွမ်းဝင်နေသာကြောင့် ဖြစ်ပါသည်။ တစ်ချို့လူတွေ ကျွန်တော့်ကိုမေးတတ်ကြသည်မှာ ဝိညာဉ်တော်လိုချင်တာ ဘယ်လို လုပ်ရမလဲ၊ ဘုရားသခင်ကို သိကျွမ်းဖို့ ဘယ်လိုလုပ်ရမလဲ စသဖြင့် မေးကြပါသည်။ အဖြေကတော့ ကိုယ်တော်နှင့်အတူနေပါ၊ ကိုယ်တော်နှင့်အနီးဆုံးအသက်ရှင်ပါ၊ ကိုယ်တော်နှင့် နေ့စဉ် မိတ်သဟာယ ဖွဲ့ပါ။ ထိုအရာများသည် အကောင်းမြတ်ဆုံးသော ဘဝအသက်တာ ဖြစ်ပါသည်။
(မဿဲ ၁၇း၄) ထိုအခါ ပေတရုက သခင် ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့ တဆောင်၊ ဧလိယဘို့ တဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ် တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။ ပေတရုက အလွန်အင်မတန် ဝမ်းမြောက်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားလွန်းလို့ ဤကဲ့သို့ လျှောက်ဆိုပါသည်။ နေဖွယ်ရာကောင်းသောအရပ်သည် တောင်ပေါ်မှာ ကိုယ်တော်နှင့်အတူရှိခြင်းဖြစ်သည်။ 
 
ကိုယ်တော်ရှိသောအရပ်မှာ ကိုယ်တော်နှင့်အတူ အသက်ရှင်ခြင်း သည် ကြီးမားသော ရူပါရုံကို မြင်ရသောနေရာ၊ ကြီးမြတ်သော ဖွင့်ပြခြင်းကို မြင်ရသောနေရာ ထူးဆန်း အံ့ဩဖွယ်ရာ တန်ခိုးနိမိတ်လက္ခဏာများကို မြင်ရသောနေရာဖြစ်သည်ဆိုတာ ပြောချင်ပါသည်။ အသက်ရှင်တော်မူသောဘုရား၏ ထူးခြားအံ့ဩဖွယ်နက်နဲသောအရာများကို သိရှိနားလည်ခံစားဖို့ ကိုယ်တော်နှင့် ရင်းနှီးကျွမ်းဝင်စွာ အသက်ရှင်ဖို့ လိုပါသည်။ ပေတရုက ဝမ်းသာအားရဖြင့် သခင် ယေရှု၊ မောရှေ၊ ဧလိယတို့အတွက် ဤအရပ်၌ တဲတစ်ဆောင်စီ ဆောက်မည်ဟုပြောတာကို ဘုရားသခင် အလိုမရှိပါ။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကို မောရှေ၊ ဧလိယတို့နှင့် တစ်တန်းထဲ ထားသလို ဖြစ်သွားပြီး ကိုးကွယ်သလိုဖြစ်ခြင်းကြောင့် အဖဘုရားသခင် အလိုမရှိိပါ။ 
 
သင်၏ဘုရား သခင်ထာဝရဘုရားတစ်ပါးတည်းကိုသာ ကိုးကွယ်ရမည်ဟု (ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀) မှာ ဘုရားသခင် ပညတ်တော် ရှိပါသည်။ ဘုရားသခင်မှလွဲ၍ မည်သည့်အရာကိုမှ မကိုးကွယ်ရဟု ကျမ်းစာက ပြောပါသည်။ ကောင်းကင်တမန်သော်၎င်း၊ လူပုဂ္ဂိုလ်သော်၎င်း၊ တန်ခိုးနိမိတ်လက္ခဏာ များကိုသော်၎င်း မကိုးကွယ်ရပါ။ (မဿဲ ၁၇း၅) ထိုသို့ လျှောက်စဉ်တွင် ထွန်းလင်းသော မိုးဃ်းတိမ် သည် ထိုသူတို့ကို လွှမ်းမိုး၍ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။ သူ၏စကား ကို နားထောင်ကြလော့ဟု မိုးဃ်းတိမ်က အသံတော်ဖြစ်လေ၏။ 
 
ကျွန်တော်တို့ ကိုးကွယ်ရမည့်ပုဂ္ဂိုလ်သည် ယေရှုခရစ်တော်ဖြစ်ပြီး ယေရှုစကားကိုသာ နားထောင်ရမည်ဟု ကောင်းကင်ဘုံရှင် အဖဘုရားသခင်က တိတိကျကျ ဖော်ပြထားတာတွေ့ရပါသည်။ ကျွန်တော်တို့က ကောင်းကင်တမန်ကို ကိုးကွယ်ဖို့၊ မောရှေကို ကိုးကွယ်ဖို့၊ ဧလိယကို ကိုးကွယ်ဖို့ ဘုရားသခင် အလိုမရှိပါ။ ထိုသူတို့သည် ဘုရားသခင်၏တန်ခိုးကို ပြနိုင်သောသူ ဘုရားသခင်၏လူ (The man of God) ဖြစ်သော်လည်း လူကို ကိုးကွယ်တာ၊ လူကို ကိုးစားတာ ဘုရားအလိုတော် မဟုတ််ပါ။ ဘုရားသခင်အလိုတော်ရှိတာက ဘုရားကို ကိုးကွယ်ဖို့၊ ကိုးစားဖို့၊ ဘုရားစကားနားထောင်ဖို့ ဖြစ်သည်။ ချစ်သောမိတ်ဆွေ သင့်အသက်တာမှာ ဘယ်သူ့စကားကို နားထောင်နေလဲ။ ခရစ်တော်၏ စကားနှုတ်ကပတ်တော် သမ္မာတရားကို နားထောင်ဖို့ ဖြစ်ပါသည်။ အိမ်မက်စကားကို လိုက်နာဖို့ မဟုတ်ပါဘူး။ တန်ခိုးကြီးသောသူ၏ စကားကို နားထောင်ဖို့ မဟုတ်ပါဘူး။
 
မြင်ရသော သင်းအုပ်ဆရာစကားကိုလည်း ဘုရားစကားထက် ပိုနားထောင် တတ်ကြသည်။ မြင်ရသောသူ၊ အာဏာရှိသောသူ၊ တန်ခိုးပြနိုင်သောသူ၏စကားကို နားထောင်ချင်ကြသည်။ ကျွန်တော်တို့ နားထောင်ရမှာက ဘုရားသခင်၏စကား နှုတ်ကပတ်တော်ဖြစ်သည်ဆိုတာကို တပည့်တော်သုံးပါးကို တောင်ပေါ်၌ ဘုရားသခင်အတိအလင်းပြောထားပါသည်။ ကိုယ်တော်ဘုရားနှင့် နီးကပ်စွာ အသက်ရှင်မည်ဆိုပါက အနက်နဲဆုံးအရာ၊​ အရေးကြီးဆုံးအရာကို ဘုရားက ဖော်ပြတာ တွေ့ရပါသည်။ 
 
ကျမ်းစာကပြောသော နေဖွယ်ရာကောင်းသောအရပ်သည် ယေရှုခရစ်တော်နှင့်အတူ ရှိနေခြင်းဖြစ်ပြီး စကားနားထောင်ခြင်းက ဘုရားအလိုတော်ရှိဆုံးအရာ ဖြစ်သည်ဆိုတာ ကျမ်းစာက ပြောထားပါသည်။ သင့်အသက်တာမှာ အမေရိကန်မှာပဲနေနေ၊ ဩစတြေးလျမှာပဲရှိရှိ၊ စင်္ကာပူတို့၊ ထိုင်းတို့မှာ အလုပ် ဘယ်လောက်ကောင်းကောင်း ဘုရားမရှိတဲ့အရပ်ကတော့ နေစရာကောင်းသော အရပ် မဟုတ်ပါ။
ဘုရားသခင်သာအတူရှိမည်ဆိုလျှင် ပင်လယ်အလယ်ခေါင်ဖြစ်ဖြစ်၊ မုန်တိုင်းရဲ့အထဲမှာဖြစ်ဖြစ်၊ မြေငလျင်ပေါ်မှာဖြစ်ဖြစ် နေဖွယ်ရာကောင်းသောအရပ် ဖြစ်နေပါလိမ့်မည်။ သင့်အသက်တာအတွက် နေစရာကောင်းသောအရပ်သည် ဘုရားမျက်နှာရှာပြီး ဘုရားသခင် နှင့် အကျွမ်းဝင်သောနေရာ ဖြစ်ကြောင်း ပြောပြချင်ပါသည်။
 
(ဆာလံ ၈၄း၄-၅) အိမ်တော်၌နေသော သူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်း ကြပါလိမ့်မည်။ ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။
ထာဝရဘုရား၏အိမ်တော်၌ နေသာသူ ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိသည်ဟု ဆာလံဆရာက ပြောပါသည်။ ကျွန်တော်တို့က မင်္ဂလာဆောင်မှ၊ အိမ်သစ်တက်ပွဲလုပ်မှ၊ မွေးနေ့ပွဲလုပ်မှ မင်္ဂလာရှိသည်ဟု ထင်တတ် ကြသည်။ 
 
ထိုအရာများထက် ထာဝရဘုရားရှေ့တော်မှောက်မှာ မင်္ဂလာရှိဖို့က အရေးကြီးဆုံးဖြစ် ပါသည်။ မင်္ဂလာလိုချင်လျှင် ဘုရားနှင့်အတူ သွားလာအသက်ရှင်ဖို့ ဖြစ်သည်။ (ဆာလံ ၈၄း၁၂) မှာ ကိုယ်တော်ကို ခိုလှုံသောသူ မင်္ဂလာရှိသည်ဟု ပြောထားပါသည်။ (ဆာလံ ၈၄း၁၀) တန်တိုင်းတော်တို့ အတွင်း၌နေသော တရက်သည် အခြားအရပ်၌နေသာ အရက်တထောင်ထက်သာ၍ ကောင်းပါ၏။ မတရားသောသူ၏နေရာ၌ နေရသောအခွင့်ထက် အကျွန်ုပ်၏ ဘုရားသခင် အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။
အမေရိကန်နိုင်ငံမှာ ဒေါ်လာတွေကိုင်ပြီး လစာ ကောင်းကောင်းရနေပေမယ့်၊ ကားအကောင်းစားစီးနေပေမယ့် ဘုရားမပါရှိပါက ထိုကဲ့သို့သော ရက် (၁၀၀၀) ထက် ဘုရားနှင့်အတူရှိသော (၁) ရက်က ပိုကောင်းပါသည်။
  ဒါဝိဒ် အသက်တာ၌ ဘုရား မျက်မှောက်တော် တိုးဝင်ခြင်းကို ထိုမျှနှစ်သက်စွဲလန်းပါသည်။ မတရားသောသူ၊ ဘုရားကို မသိသောသူ၊ ဆိုးသွမ်းမိုက်မဲသော သူများနှင့်အတူ ရှိနေတာထက် ဘုရားသခင်အိမ်တော်၏ တံခါးစောင့်ဖြစ်ရတာကိုတောင် ပိုအလိုရှိသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားအိမ်တော်သည် ဖြူစင် သန့်ရှင်းသောနေရာ ၊​မင်္ဂလာရှိသောနေရာဖြစ်သည်။ စကြဝဠာကိုပိုင်သအုပ်စိုးပြီး တရားစီရင်မည့် ဖြောင့်မတ်သန့်ရှင်းသော ဘုရား၏ အိမ်တံခါးဝလေးကို စောင့်ရရင်တောင်မှ နှစ်သက်စရာပါဟု ဘုရားကို တောင့်တသောနှလုံးသားနှင့် ကိုးကွယ်တတ်သော ဒါဝိဒ် ဖြစ်ပါသည်။ 
 
ထို့ကြောင့် ဒါဝိဒ်သည် ဘုရားစိတ်တော်နှင့်တွေ့ပြီး ဘုရားသခင်သူ့ကို အလွန်ပင် ချီးမြှောက်၍ ကောင်းချီး ပေးခဲ့ပါသည်။ 
 
ချစ်သောမိတ်ဆွေ သင့်အသက်တာမှာ ဘုရားမျက်မှောက်တော်ထဲကို အမှန်တကယ်တိုးဝင်ချင်ပါက ဘယ်နိုင်ငံ၊ ဘယ်အရပ်ဒေသမှာပဲနေနေ ကိုယ်တော်နှင့် အရင်းနှီးဆုံးစကားပြောပါ။ နှုတ်ကပတ်တော် ကို ဆင်ခြင်နှလုံးသွင်းပါ။ ဘုရားသခင်သွန်သင်သောအရာများကို သင့်အသက်တာထဲမှာ နာခံပြီး အသက်ရှင်ပါ။ (ဆာလံ ၈၄း၁၁-၁၂) ထာဝရအရှင်ဘုရားသခင်သည် နေလည်း ဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော် နှင့် ဘုန်းအသရေကို ပေးတော် မူ၏။ 
 
ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကိုယ်တော်၌ခိုလှုံသောသူသည် မင်္ဂလာရှိ ပါ၏။ ကမ္ဘာကြီးအတွက် နေမရှိရင် မဖြစ်ပါ။
ထို့ကြောင့် လုံခြုံသောနေရာ၊ ငြိမ်သက်သောနေရာ၊​ ငြိမ်းချမ်းသောနေရာသည် ထာဝရဘုရား ထံတော်ပါးမှာသာ ရှိပါသည်။ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ အတွက် နေဖွယ်ကောင်းသော အရပ်ဆိုသည်မှာ မောရှေရှိသောနေရာ၊ ဧလိယရှိသောနေရာ မဟုတ်ပါ။ ယေရှုခရစ်တော်နှင့်အတူ အသက်ရှင်သောနေရာ၊ ခရစ်တော်ဘုရားနောက်တော်သို့လိုက်၍ ရင်းနှီး ကျွမ်းဝင်မှုရှိသော အသက်တာ ဖြစ်ပါသည်။ 
 
ထိုသို့အသက်ရှင်မည်ဆိုပါက ပေတရု၊ ယာကုပ်၊ ယောဟန် မြင်ရသော ရူပါရုံနိမိတ် လက္ခဏာထက်သာ၍ နက်နဲသော ဘုရားသခင်၏မေတ္တာကို လက်တွေ့ အသက်တာထဲမှာ အမှန်တကယ် ခံစားရပြီး ဝမ်းမြောက်ပျော်ရွှင်သော အသက်တာကို ရရှိပိုင်ဆိုင်နိုင်မယ်ဆိုတာ မေတ္တာအားဖြင့် ဝေငှချင်ပါသည်။ နေဖွယ်ကောင်းသောအရပ်သည် ဘုရားသခင်အိမ်တော်မှာ ခရစ်တော်ဘုရားနှင့် အတူ မွေ့လျှော်ခြင်းရှိသော အသက်တာဖြစ်သည်ဆိုတာ ထပ်ဆင့် နှိုးဆော်လိုပါသည်။ ခရစ်တော်၌ ညီအစ်ကို မောင်နှမအားလုံး ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသော အသက်တာအားဖြင့် သာ၍ ဝမ်းမြောက်ပျော်ရွှင်သောသူများ ဖြစ်စေဖို့ ဘုရားသခင် အသစ်တဖန် ကောင်းချီးပေးပါစေ။
Saya John S Kay

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....